Pull Out Test for Anchor bolts အကြောင်းသိကောင်းစရာ
Pull Out test ဆိုတာဘာလဲ ?
လုပ်ငန်းခွင်ထဲမှာ ကိုယ် အသုံးပြု၊ တပ်ဆင်ထားတဲ့ anchor bolt တွေဟာ တကယ် အလုပ်လုပ်ရဲ့လား၊ လိုအပ်တဲ့ ခံနိုင်ရည်အား ရှိလားဆိုတာတွေကို သေချာ သိနိုင်အောင် pull out test လုပ်ရပါတယ်။ Pull out test ဆိုတာ အသုံးပြုထားတဲ့ anchor bolt တွေဟာ သတ်မှတ်တဲ့ tension ခံနိုင်အားကို ရှိမရှိကို hydraulic jack အသုံးပြုပြီး ဆွဲထုတ် စမ်းသပ်တာပါ။ စမ်းသပ်တဲ့နေရာမှာ anchor ကို ထိခိုက် ပျက်စီးသွားစေတဲ့ test မျိုး မဟုတ်လို့ pull out test က Non-Destructive test (NDT) တစ်မျိုးပါ။

ဘာကြောင့် test လုပ်ရတာလဲ ?
ယခုလို စမ်းသပ်စစ်ဆေးမှုတွေ လုပ်ခြင်းအားဖြင့် ဒီဇိုင်းပေါ်မူတည်ပြီး အသုံးပြုထားတဲ့ anchor တွေရဲ့ တကယ့်ခံနိုင်အားတွေကို သိရှိ ရပြီး အဆောက်အဦခိုင်ခန့်မှုအတွက် anchor ပိုင်းမှာ အတည်ပြု စိတ်ချနိုင်ပါတယ်။
ဘယ်လို anchor တွေကို pull out test လုပ်သင့်သလဲ ?
အရေးကြီးတဲ့ ပင်မ structure တွေမှာ သုံးထားတဲ့ anchor တွေ ကို အဓိကထားပြီး test လုပ်သင့်ပါတယ်။ နောက်ပြီး ပင်မ structure တွေ မဟုတ်ပေမယ့် အသုံးပြုထားတဲ့ anchor တွေက အရေးပါတဲ့နေရာက ပါဝင်ထမ်းဆောင်ရတဲ့အခါမျိုးတွေမှာ လည်း test လုပ်သင့်ပါတယ်။ ဒါတွေမဟုတ်ပေမယ့်လည်း designer/ client ရဲ့ လိုအပ်ချက်အရသော်လည်းကောင်း၊ အာဏာပိုင် အဖွဲ့အစည်း တွေရဲ့ requirement ဒါမှမဟုတ် သက်ဆိုင်ရာ code တွေအရသော်လည်းကောင်း လိုအပ်တဲ့ နေရာမျိုးတွေမှာ လည်း test လုပ်သင့်ပါတယ်။ဥပမာ steel structure ဆောက်တဲ့အခါ column တိုင်တွေရဲ့ base plate နဲ့ အောက်ခံ RC structure တို့ ချိတ်ဆက်တဲ့ anchor bolt တွေကို သေချာ test လုပ်ပြီး ခံနိုင်အားကို အတည်ပြုသင့်ပါတယ်။ ဒီ anchor တွေကအဆောက်အဦရဲ့ အဓိက အရေးပါတဲ့ နေရာက ပါဝင်တာဖြစ်လို့ သူရဲ့ ဒီဇိုင်းခံနိုင်အား တကယ်ရှိမရှိဟာ အဆောက်အဦ ခိုင်ခန့်မှုအတွက် အရမ်းအရေးကြီးပါတယ်။ နောက်ပြီး ဒီလို structure ပိုင်းတွေမှာ သုံးတာမဟုတ်ဘဲ လှေကားလက်ရမ်းတွေ၊ ဝရန်တာ လက်ရမ်းတွေ စသဖြင့် လူတွေကို အမြင့်က ပြုတ်မကျနိုင်အောင် ကာကွယ် တားဆီးပေးထားတဲ့ safety barrier အနေနဲ့ ထမ်းဆောင်တဲ့ လက်ရန်းအကာတွေ မှာ သုံးတဲ့ anchor တွေကိုလည်း စစ်ဆေးသင့်ပါတယ်။

test လုပ်မယ့် anchor တွေကို ဘယ်သူတွေက ရွေးချယ်သင့်တာလဲ ?
အဓိက အနေနဲ့ client ကိုယ်စားပြုသူတွေ၊ consultant ကိုယ်စားပြုသူတွေ စတဲ့ ဆောက်လုပ်တဲ့ အဖွဲ့အစည်း (contractor) ဘက်က မဟုတ်တဲ့ site inspector တွေက ရွေးချယ်သင့်ပါတယ်။ ဒါမှ သူတို့က အားမနာတမ်း ရွေးပြီး တကယ့် anchor တွေရဲ့ စွမ်းဆောင်ရည် အဆိုး အကောင်းကို သိဖို့ ပိုမို အခွင့်အရေးရှိစေမှာ ဖြစ်ပါတယ်။
ဘယ်လောက် ရာခိုင်နှုန်း test လုပ်သင့်တာလဲ ?
Pull out test လုပ်တဲ့ နေရာမှာ တပ်ဆင်ထားတဲ့ anchor အလုံးတိုင်းကို လိုက်ပြီး test လုပ်ဖို့တော့ မလိုပါဘူး။ တခါတရံမှာ လုပ်ငန်းခွင် အရွယ်အစား၊ အခြေအနေပေါ်မူတည်ပြီး anchor အရေအတွက်က ထောင်နဲ့ ချီပြီး ရှိတတ်တော့ အလုံးတိုင်းစစ်ဖို့ဆို မဖြစ်နိုင်ပါဘူး။ ဒီအတွက် British Standard ရဲ့ installed anchor တွေအတွက် code ဖြစ်တဲ့ BS: 8539 အရ installed လုပ်ထားတဲ့ anchor စုစုပေါင်း အရေအတွက်ရဲ့ 2.5% (၃ ခု ထက်မနည်းရပါ) ကို ကျပန်း ရွေးချယ် ပြီး စစ်ဆေးသင့်ပါတယ်။ ကျပန်း ဆိုတဲ့ သဘောအရ installed လုပ်ထားတဲ့ ထဲကမှ အရေးပါဆုံးနေရာတွေမှာ ရှိတဲ့ anchor တွေ၊ ဒါမှ မဟုတ်လည်း အဆိုးဆုံး အခြေအနေလို့ ထင်ရတဲ့ anchor တွေကို ရွေးပြီး test လုပ်သင့်ပါတယ်။ ဆိုလိုချင်တာက အဆိုးဆုံးတွေကို ရွေးပြီး test လုပ်တာ အောင်မြင်ရင် ကျန်တာတွေလည်း ဆေးအေး အောင်မြင်နိုင်တော့ ၁၀၀% အကုန်မစစ်လည်း စိတ်ချလိုရတယ် ဆိုတဲ့ သဘောပါ။
test မလုပ်ခင် ဘာတွေ ကြိုတင်ပြင်ဆင်ထားသင့်တာလဲ ?
Test မလုပ်ခင် tester ရယ် အခြား ကြီးကြပ်စစ်ဆေးတဲ့ inspector တွေရယ် အလွယ်အကူ သွားရောက် စစ်ဆေးဖို့ access way ဒါမှမဟုတ် access platform တွေ ပြင်ဆင်ထားဖို့လိုပါမယ်။ နောက်ပြီး test လုပ်မယ့် နေရာပြ drawing တွေ၊ လုပ်မယ့် anchor ရဲ့ အရွယ်အစား၊ အမျိုးအစားတွေ ပြထားတဲ့ detail drawing တွေ၊ test လုပ်ထားတဲ့ နေရာတွေကို မှတ်သားထားဖို့ drawing တွေ စတာတွေ လည်း ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။ နောက်တစ်ခုက test လုပ်မယ့် hydraulic jack တို့ pressure gauge တို့ စတဲ့ ပစ္စည်း ကိရိယာတွေရဲ့ မှန်ကန်တဲ့ ရလဒ်တွေပေးနိုင်ပါတယ်ဆိုတဲ့ စစ်ဆေးမှုမှတ်တမ်း (calibration certificate) ရယ်၊ သက်တမ်း validity ရယ်ကို စစ်ဆေးပြီး မိတ္တူတစ်စုံ သိမ်းဆည်းထားသင့်ပါတယ်။ ဒီ test လုပ်တဲ့ ကိရိယာတွေက မှန်ကန်တဲ့ ရလဒ်မပေးနိုင်ရင် test လုပ်တာလည်း အကျိုးရှိမှာ မဟုတ်ပါဘူး။
Pull out test ကို ဘယ်သူတွေက လုပ်ပေးတာလဲ ?
Pull out test တွေကို သက်ဆိုင်ရာ အသိမှတ်ပြု လက်မှတ်ရထားတဲ့ tester company ဒါမှမဟုတ် အသုံးပြုထားတဲ့ anchor bolt ထုတ်လုပ်တဲ့ company တွေက test လုပ်ပေးနိုင်ပါတယ်။

ဘယ်လောက် load အားနဲ့ pull out test လုပ်သင့်တာလဲ ?
anchor bolt တစ်လုံးချင်းစီမှာ – ၁။ အများဆုံးခံနိုင်အား ultimate resistance က ဘယ်လောက်၊ ၂။ ရောစပ်ထားတဲ့ material composition နဲ့ ထုတ်လုပ်ထားတဲ့ ဒီဇိုင်းပေါ်မူတည်ပြီး တွက်ချက်ထားတဲ့ design resistance က ဘယ်လောက်၊၃။ ထုတ်လုပ်တဲ့ manufacturer က recommend ပေးတဲ့ ခံနိုင်အားက ဘယ်လောက် စသည်ဖြင့် ရှိပါတယ်။ အသေးစိတ်ကို manufacturer တွေရဲ့ product specification တွေမှာ ကြည့်နိုင်ပါတယ်။ဒီဇိုင်းနာတွေ အနေနဲ့ အခြေအနေ အရပ်ရပ်ပေါ်မူတည် တွက်ချက်ပြီး anchor တစ်လုံးချင်းစီက ထမ်းရမယ့် maximum tension နဲ့ shear ကို သိပြီးလို့ anchor ရွေးချယ်တဲ့အခါ manufacturer ရဲ့ recommend load ပေါ် မူတည်ပြီး ရွေးချယ်ပေးတာပါ။ recommend load ဆိုတဲ့အတိုင်း ထုတ်လုပ်သူဘက်က safe ဖြစ်အောင် တကယ့် actual ခံနိုင်အားထက်လျော့ပြီး recommend ပေးထားတာပါ။ pull out test လုပ်ရင် standard အရ test load ကို ဒီ recommend load ရဲ့ တစ်ဆခွဲ နဲ့ လုပ်ပါတယ်။ ဥပမာ recommend load က 10kN ဆိုရင် test load က 15kN နဲ့ လုပ်ပါတယ်။ safety factor 1.5 ထားတဲ့ သဘောပါ။ ဒီ တစ်ဆခွဲ ရှိတဲ့ test load နဲ့ ရှိသမျှ anchor တွေရဲ့ 2.5% ကို စမ်းသပ် test လုပ်လို့ အောင်မြင်မှ pass ဖြစ်တယ် သတ်မှတ်ပါတယ်။ standard အရ test load ကို တစ်ဆခွဲနဲ့ မလုပ်ချင်ရင် 1.25 ဆ နဲ့ လုပ်လည်း ရပါတယ်။ ဒါပေမယ့် anchor စုစုပေါင်းရဲ့ 5% ကို test လုပ်ရမှာပါ။ ပြန်ပြောရရင်
Option 1
test load = 1.5 x recommend load, 2.5% test of total installed anchors
Option 2
test load = 1.25 x recommend load, 5% test of total installed anchors
test စစ်ဆေးစမ်းသပ်တာ အောင်မြင်တယ် ဆိုရင် ဘာတွေလုပ်သင့်တာလဲ ?
စစ်ဆေးမှု အောင်မြင်တယ်ဆိုရင် အောင်မြင်တဲ့ ရလဒ်တွေကို သက်ဆိုင်ရာ designer တွေ၊ client တွေဆီ မှတ်တမ်းအနေနဲ့ သိမ်းဆည်းထားဖို့ ပို့ပေးရပါတယ်။ သက်ဆိုင်ရာ ဆောက်လုပ်ရေး အာဏာပိုင်အဖွဲ့အစည်းတွေက စာရင်းစစ်တွေ စစ်ဆေးတဲ့အခါမှာလည်း ပြသနိုင်အောင် မှတ်တမ်းမှတ်ရာ အနေနဲ့ သိမ်းဆည်းထားရပါတယ်။
test စစ်ဆေးစမ်းသပ်တာ မအောင်မြင်ဘူးဆိုရင် ဘာတွေ လုပ်သင့်တာလဲ ?
anchor bolt တွေကို install လုပ်တဲ့ သူတွေရဲ့ ကျွမ်းကျင်မှု၊ လုပ်ရည်ကိုင်ရည်၊ နည်းလမ်းတကျ တပ်ဆင်မှု၊ အောက်ခံ ကွန်ကရစ်အနေအထား၊ အသုံးပြုတဲ့ အရွယ်အစား၊ အမျိုးအစား၊ တစ်လုံးနဲ့တစ်လုံး အကွာအဝေး စတဲ့ အချက်တွေထဲက တစ်ခုခု ချွတ်ချော် အားနည်းခဲ့ရင် pull out test fail ဖြစ်နိုင်ပါတယ်။ အကယ်၍ pull out test လုပ်တဲ့ထဲက ပထမ တစ်လုံး fail ဖြစ်ခဲ့မယ်ဆိုရင် test လုပ်ရမယ့် အရေအတွက်ကို နှစ်ဆ တိုးပြီး လုပ်ရပါမယ်။ ဥပမာ anchor bolt 5 လုံး test လုပ်ရမယ့်ထဲက တစ်လုံး fail ဖြစ်ရင် 10 လုံး test လုပ်ရမယ်ဆိုတဲ့သဘောပါ။အကယ်လို့ fail ဖြစ်တာက တစ်ခုထက်ပိုခဲ့မယ်ဆိုရင် ဒီအနေအထားက စိတ်မချရဘူးလို့ သတ်မှတ်ပြီး anchor အကုန်လုံးကို test လုပ်သင့်ပါတယ်။ နောက်ပြီး design ကို ပြန်စစ်ပြီး ပြန်ပြောင်းသင့် ပြောင်းဖို့ designer နဲ့ သေချာဆွေးနွေး ဆောင်ရွက်သင့်ပါတယ်။
– – – – –
အထက်ပါ အကြောင်းအရာတွေက anchor bolt တွေနဲ့ ပတ်သက်ပြီး မိမိ လေ့လာထားသလောက်ရယ်၊ စကာ်ပူက လုပ်ငန်းခွင် တွေ ထဲမှာ test လုပ်နေတဲ့ အတွေ့အကြုံတွေအရရယ် ပေါင်းစပ်ပြီး နည်းပညာ ဗဟုသုတ မျှဝေခြင်းသာ ဖြစ်ပြီး လိုအပ်ချက် တစ်စုံတစ်ရာ ရှိခဲ့လျှင် ဝေဖန် အကြံပြု ပေးနိုင်ပါတယ်ခင်ဗျား။
မှတ်ချက် ။ ဖော်ပြပေးထားတဲ့ ဓာတ်ပုံတွေက pull out test ကို ပိုမို မြင်သာစေရန် Hilti website မှ ကူးယူအသုံးပြုထားသော ဓာတ်ပုံများ ဖြစ်သောကြောင့် သက်ဆိုင်ရာ မူရင်းဓာတ်ပုံ ပိုင်ရှင်များကို လေးစားစွာ credit ပေးပါတယ်။
– – – – – – – – – – – – – – – –
– – – – – – – – – – – – – – – –